- Published on
Dear Chiang Mai
ငယ်ငယ်က အဖေ့ အစ်ကို ပြောဖူးတာရှိတယ် “မင်း အဖေ ငယ်ငယ် က အိန္ဒိယ ထိ ဆိုင်ကယ် တစ်စီးနဲ့ လျှောက်သွားခဲ့တာ” ဆိုပြီး အဲ့ထဲက ဆိုင်ကယ် တစ်စီးနဲ့ ခရီးသွားတာ ဘယ်လိုမျိုးလဲ သိချင်ခဲ့တယ်။ ငယ်ငယ်ထဲက ရန်ကုန်မှာ ကြီးလာတဲ့ ကျတော် အတွက် ဆိုင်ကယ်က အလှမ်းဝေးပါတယ်။ ကိုယ်တိုင်ကလည်း အခန်းထဲနေပြီး code ရေးရတာပဲ ကြိုက်တာ။ နှစ်တိုင်း သင်္ကြန်ဆို ရေစိုတာတောင် မဟုတ်ဘူး။
Secret Life of Walter Mitty
Secret Life of Walter Mitty
မထင်မှတ်ဘဲ ကြည့်ဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ကားကြောင့် ဘဝက လုံးဝကြီး ပြောင်းလဲခဲ့တယ်။ အိုကေ ငါခရီးစထွက်မယ် ဘယ်လောက် နီးနီးဝေးဝေးဆိုပြီး။
First Day of Chiang Mai
ကံကောင်းချင်တော့ ချင်းမိုင် မြို့ကို ရောက်လာခဲ့တယ် မနှစ်က ၈လပိုင်းမှာ။ ချင်းမိုင်ရောက်ပြီး နောက်နေ့မှာ အသိ အစ်ကိုက ဆိုင်ကယ်နဲ့ မြို့ကို လိုက်ပို့ပေးခဲ့တယ်။ ပထမဆုံး Chaloem Phra Kiat Pavilion Viewpoint
ချင်းမိုင် တစ်မြို့လုံးကို လှမ်းမြင်ရတဲ့ view point။ နောက်တော့ Doi Pui Viewpoint
နှစ်ခုလုံးက Doi Suthep တောင်တက်လမ်းမှာပဲ မိုးတွေ ရှယ်ရွာတဲ့ ကြားထဲ တက်ခဲ့တာ ကျတော် ဉီးထုပ်က လေကာမပါတော့ မိုးရေတွေ ဆိုင်ကယ် အရှိန်နဲ့ မျက်နှာကို ရိုက်ပြီး နာနေရော။ ဒါပေမယ့် လမ်းတွေက ရှယ်ကောင်းပြီး လှနေတာ့ ဘယ်လောက်နာနာ တက်မယ်ဆိုပြီးပဲ လုပ်ခဲ့တယ်။ စိတ်ထဲ ငါကိုယ်တိုင် ဆိုင်ကယ်နဲ့ တက်ဦးမယ်ဆိုပြီး တွေးခဲ့တယ်။ အပြန်ကျတော့ Chiang Mai Uni က ကန်ဘောင်မှာ ထိုင်တယ်။ အဲ့မှာ ချင်းမိုင် က တော်တော်လှတာပဲ ဆိုပြီး တွေးခဲ့တယ်။
First Trip
ချင်းမိုင်မှာ အစပိုင်း အစ်ကိုနဲ့ နေတာဆိုတော့ သူငှားထားတဲ့ ဆိုင်ကယ်လေးရှိတယ်။ အရင်ဆုံး condo ထဲ use to ဖြစ်အောင် ပတ်စီးခဲ့တယ်။ ဆိုင်ကယ်ကို ငယ်ငယ်က ရွာသွားတုန်းက သင်ထားတော့ စီးတတ်နေပြီ။ ပထမဆုံး သွားဖြစ်တာက ချင်းမိုင်တက္ကသိုလ် အိမ်နဲ့လည်း နီးတယ်ဆိုတော့ ကားမရှုပ်တဲ့ မနက်စောစောသွားဖြစ်တာ။ နောက်မှ အသိအစ်ကို ပြန်ပြောမှ သိတယ် လမ်းပြောင်းပြန်တွေ မောင်းနေတယ်ဆိုပြီး 😅။ ရန်ကုန်မှာက ကားမောင်းနေကြဆိုတော့ ထိုင်းရဲ့ ဘယ်မောင်း စနစ်နဲ့ အစပိုင်း တိုင်တော့ပတ်တယ်။ အဲ့မှာ သတိထားမိတာက ချင်းမိုင် က တော်တော် slow life ဖြစ်တာပဲ။ ချင်းမိုင်မှာ ဘယ်ဘက်ကွေ့မယ်ဆို မီးနီကြည့်စရာမလိုဘူး ကားရှင်းရင် ကွေ့လို့ရတယ်။ တချို့မသိတဲ့သူက မီးပွိုင့်နီနေတယ်ဆိုပြီး ရပ်နေတယ်ဆိုရင် နောက်က ဘယ်သူမှ ဟွန်းမတီးဘူး အဲ့ကားထွက်မှ လိုက်ထွက်တာ။ လုံးဝ ကို slow life ဖြစ်ပြီး အေးချမ်းတာ။
Ride to Doi Pui View Point
ဒါကတော့ မှတ်မှတ်ရရ ဖြစ်တဲ့ တစ်ခေါက်ပဲ ကားရှင်းအောင်လို့ မနက် အစောကြီးထပြီး တောင်တက်တာ။ မြို့ထဲမှာက တော်တော်လင်းနေပြီ တောင်ပေါ်လည်းရောက်ရော တိမ်တွေအပြည့်ဖုံးပြီး ဘာမှ မမြင်ရတော့ဘူး။ သစ်ပင်တွေဆို အရှည်ကြီးတွေ ဇတ်ညောင်းအောင် မော့ကြည့်ရတာ လမ်းကလည်း တောင်ပေါ်အတော်ရောက်ပြီး ကျဉ်းသွားတယ် ဘေးမှာလည်း ချောက်ပဲရှိတာ။ အဲ့မှာ ရွေးချယ်စရာ ၂ခုရှိတယ် နောက်ပြန်လှည့်မလား ရှေ့ဆက်သွားမလား။ ကျတော် တွေးမိတာ နောက်ပြန်လှည့်ရင် ကြောက်စိတ်က အနိုင်ရပြီး အပြန်လမ်းမှာ panic ဖြစ်ပြီး တစ်ခုခုဖြစ်နိုင်ခြေများတယ်။ အဲ့တော့ အဆုံးထိ ရောက်အောင်သွားမယ်ဆိုပြီး ရွေးခဲ့တယ်။ တိမ်တွေကြားထဲ ရောက်တိုင်း ဆရာမ ဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး
ဝတ္ထုက အကြောင်းရာတွေ ပြန်မြင်လာတယ်။ တော်တော်ကို တိမ်တွေကြားထဲမှာ သဘောလည်းကျ ကျောလည်းချမ်း မောင်းခဲ့ရတယ်။
My First Motorcycle
Yamaha QBIX
ပထမဆုံးဝယ်လိုက်တဲ့ ဆိုင်ကယ်လေးပါ။ 125cc ဆိုပေမယ့် သွားရှုပ်လို့မရဘူး ချင်းမိုင်ကနေ ရှမ်းပြည် နယ်စပ်နားထိပါ တောင်တွေ အထပ်ထပ်ဖြတ်ပြီးသွားခဲ့တာ 😎။
Ride to Highest Spot in Thailand
ဒါကတော့ တကယ့် ခရီးလို့ ပြောလို့ရတယ်။ ထိုင်းရဲ့ အမြင့်ဆုံးနေရာ ဖြစ်တဲ့ Doi Inthanon ကို တက်ခဲ့တာ။ ပထမဆုံး တိမ်ပင်လယ်ကို မြင်ဖူးတာပဲ။ အဲ့အချိန်တုန်းက ဘဝမှာ အလှဆုံး မြင်ဖူးတာပဲ။ Pai ဆိုတဲ့ မြို့ကို မရောက်ခင် အထိပေါ့။
Pai မြို့လေး
ရောက်ဖူးသမျှ နေရာတွေထဲ အလှဆုံးလို့ ပြောလို့ရတယ်။ တောင်တွေ ပတ်လည်ဝိုင်းထားတဲ့ ကြားက မြေပြန့်မှာရှိတာ။ မြို့က သေးသေးလေး။ ထူးဆန်းတာက အဲ့မြို့ဆို့ အာရှသား တွေမလာတာဘဲ Europe က ကောင်တွေပဲရှိတယ်။ မြို့ထဲစဝင်တာနဲ့ အဖြူတွေကြီးပဲ vibe က တခြားနိုင်ငံက မြို့ရောက်သွားသလိုပဲ။ အဲ့ feeling ကတော့ တကယ်ရောက်ဖူးမှ ခံစားလို့ရမယ် ထင်တယ်။ Pai မရောက်ခင်မှာတင် ကျတော် ချင်းမိုင်ရဲ့ နာမည်ကြီးနေရာတွေ အတော်စုံနေပြီ။ အဲ့မှာ သတိထားမိတာက အဖြူကောင်တွေ သိပ်မတွေ့တာပဲ။ ကိုရီးယား တရုတ်တွေ အာရှသားတွေပဲ အတွေ့များတယ်။ နောက်မှသိတာက အဖြူကောင်တွေက ချင်းမိုင်မှာ ခရီးတစ်ခေါက်ပဲနားပြီး Pai ကိုပဲ လာကြတာ။ Pai မြို့ရဲ့ဆိုင်တော်တော် များများကလည်း အဖြူတွေ ပိုင်ပြီး နယ်ခံတွေက တွန်းလှည်းလောက်နဲ့ပဲ ညစျေးမှာရောင်းကြတာ။ အဖြူတွေရဲ့ secret မြို့လေးဖြစ်နေတာပေါ့။ Mae Hong Son မှာရှိတာဆိုတော့ လုပ်ချင်တာလည်းလုပ်လို့ရတာကို :၃။ ကိုယ်တွေရောက်တဲ့ အချိန်က အချိန်ကောင်းကြီး 2025 December 31. New year night ပေါ့ တစ်ညလုံး မီးရှူးမီးပန်းတွေ မီးပုံးတွေ ဗျောက်တွေ ဖောက်ကြတာ။ Pai က ရောက်ရောက်ချင်းမှာတင် ရှယ်ကြွေသွားတယ် ဒီ view ကြောင့်။
ကိုယ်တိုင် ပန်းချီကားထဲ အသက်ရှင်နေသလိုပဲ။
People are more beautiful
တောင်တန်းတွေ တိမ်တွေ ဘယ်လောက်ပဲ လှလှ ချင်းမိုင် က သူတွေ စိတ်ထားက ပိုလှတယ်လို့ ခံစားရတယ်။ ဒီနေရာမှာ ဘန်ကောက် နဲ့ ချင်းမိုင်နဲ့ ကလုံးဝ တစ်ခြားစီဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ချင်းမိုင် မှာက မြန်မာတွေကိုလည်း နွေးနွေးထွေးထွေး ဆက်ဆံတာပါ။ တစ်ခါ Doi Suthep တောင် အဆုံးက ရွာလေးဆီရောက်သွားတာ မြို့နဲ့တော်တော်ဝေးတယ်။ အဲ့ရွာက လူတွေက ရှမ်းတိုင်းရင်းသားတွေလိုမျိုး ရိုးရာ ဝတ်စုံတွေနဲ့၊ ကလေးတွေက ဆိုင်ကယ်နဲ့ ရွာထဲဝင်တော့ ငေးကြည့်ကြတယ်။ မြန်မာပြည် က ရွာလေးရောက်သွားသလိုပဲ။ အဲ့က ကော်ဖီဆိုင်ထိုင်တော့ ကျတော် စိတ်ထင် မြို့နဲ့ ဒီလောက်လှမ်းတာ ဘတ် ၁၀၀ လောက်လဲ ပေးပျော်ပါတယ် တွေးထားတာ။ မြို့ထဲက ဆိုင်အတိုင်း စျေးက ဘတ် ၅၀ ပဲ ရှိတယ်။ အဲ့ဒါနဲ့ သူတို့ ဘယ်လိုဖျော်လဲ ကြည့်တော့ ကော်ဖီစေ့ကို weight ချိန်ပြီး အမှုန့်လုပ်ပြီး ဖျော်တာ။ ဟာ အဆင့်မြင့်လှချည်လားပေါ့။ အဲ့မှာ နေ့တစ်ဝက်လောက်ထိ ထိုင်ပြီး အေးဆေး အလုပ်လုပ်ခဲ့တယ်။ ချင်းမိုင်က လူတွေက အလိုဆန္ဒ နည်းတယ်ပြောရမလား ရှိတာလေးတဲ့ ပျော်ပျော်နေတဲ့သူတွေများတယ်။ ကျတော်ကိုယ်တိုင်လည်း ချင်းမိုင် ကို အိမ် လိုခံစားရတယ်။
အရာအားလုံးမှာ trade off ရှိသလိုပဲ ချင်းမိုင် ရဲ့ trade off ကတော့ ကိုယ်တိုင် slow life မှာ အသားကျသွားတာပါ။ ဒီ blog ရေးတာကလည်း မကြာခင် ချင်းမိုင်မြို့ကနေ ဘန်ကောက်သွားရတော့မှာမို့ပါ။ အခုက ချင်းမိုင် မှာ wfh နဲ့ slow life မှာ တော်တော် အသားကျနေတာပါ။ ဒါပေမဲ့ အလုပ် အသစ် offer ရတာရော၊ confort zone က ထွက်ချင်တာရော ပေါင်းပြီး ဘန်ကောက်မှာ ရုန်းကန်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။ Holiday ရတိုင်း ချင်းမိုင်မြို့ကို လာလည်ပြီး နောင်တချိန် ချင်းမိုင် မြို့မှာ အခြေကျဖို့ မျှော်လင့်ရင်း.... နှုတ်ဆက်ခဲ့ပါတယ် ♥️။